အထက်ပါဈေးနှုန်းများသည် (13.9.2025) ရက်နေ့ သတ်မှတ်ဈေးနှုန်းများသာဖြစ်ပါသည်
ဦးငြိမ်းအောင် ဖုန်း - 09 783637802
Email - una256152@gmail.com
ကိုတင်ကြိုင် ဖုန်း - 09 401556401
ကိုတင်ကြိုင် ဖုန်း - 09 687919580
Viber - ကိုတင်ကြိုင် +959779053478
တည်နေရာ - ရှမ်းတပ် ပါနီချောင်းကူးတံတား အရှေ့ဘက်ထိပ်
မီးသတ်ရုံးနှင့်ကျန်းမာရေးဆေးပေးခန်းရဲ့ အရှေ့ဘက် ကပ်ရက်
စာဖတ်သူရဲ့ အတွေးထဲ လျှပ်စီးလက်သွားသလို ဖြစ်စေမယ့် ...
ချမ်းမြေ့ဝင်း
နယူထရီနိုလို့ ခေါ်တဲ့ ဒြပ်မှုန်တွေအကြောင်း ရှင်းပြထားတဲ့ သိပ္ပံအစီအစဥ်တစ်ခုကို တီဗွီမှာ ကျွန်တော် ကြည့်ဖြစ်တယ်။ နယူထရီနိုဆိုတာ နားလည်ရ ခက်တယ်။ အဲဒီ ဒြပ်မှုန်တွေက ကျွန်တော်တို့ ကိုယ်ခန္ဓာတွေကို အမြဲတမ်းဖောက်ထွင်းပြီး သွားလာနေတာ။ ဒြပ်မှုန်ဘီလီယံပေါင်းများစွာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အရာရာကို ဖြတ်သန်း ခုန်ကူးနေတာ။ ဖောက်ထွင်းလို့ မရနိုင်ဘူးလို့ ထင်ထားသမျှ သတ္ထုတွေအားလုံးကို အဲဒီဒြပ်မှုန်က အလွယ်လေးဖောက်ထွက်နိုင်တယ်။ နယူထရိနိုတွေကို တားလို့ရတဲ့ ဓါတ်ပေါင်းရည် တစ်ခုပဲရှိတယ်။
အဲဒီ ဓါတ်ပေါင်းရည်တွေ အများကြီးပါတဲ့ ကန်တစ်ကန်ကို ဂျပန်သိပ္ပံပညာရှင်တွေက တည်ဆောက်လိုက်တယ်။ တောင်တစ်လုံးကို ဖောက်ပြီး အဲဒီ လိုဏ်ခေါင်းထဲမှာမှ ရေကန်ကို ဆောက်တာ။ ဒါမှ နေရောင်မဝင်ဘူး။ အသံလုံမယ်။ အလင်းလုံမယ်။ နယူထရီနိုတွေမှာ (mass) လို့ခေါ်တဲ့ ထုထည်မရှိဘူး။ ဒီတော့ ဒြပ်ထု အားလုံးကို ဟင်းလင်းပြင်သဖွယ် သဘောထားပြီး ဖောက်ထွင်းသွားလာနိုင်တယ်။ တောင်ထိပ်ကနေဖောက်ပြီး ရေကန်ထဲကိုရောက်တယ်။ တောင်ဘေးကနေဖောက်ပြီး ရေကန်ထဲကို ရောက်တယ်။တောင်အောက်ကနေဖောက်ပြီးလည်း ရေကန်ထဲကို ရောက်တယ်။ "ဒါပေမယ့် .. လုံးဝထင်မထားတာ တစ်ခု ဖြစ်လာတယ်။ ရေကန်အောက်ခြေကနေ ရောက်လာတဲ့ နယူထရိနိုတွေဟာ ကန်ရဲ့အပေါ်ကနေ ရောက်လာတဲ့ နယူထရီနိုတွေထက် နှေးနေတာကို တွေ့ရတယ်။ ဘာလို့လဲဆိုတော့ ရေကန်အပေါ်ဘက်ခြမ်းကနေ ရောက်လာတဲ့ နယူထရီနိုတွေက တောင်ကိုပဲ ဖောက်ပြီး လာရတာ။ ရေကန်အောက်ဖက်ခြမ်းကနေ ရောက်လာတဲ့ နယူထရီနိုတွေက ကျွန်တော်တို့ ရဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဖောက်ထွင်းပြီး ရောက်လာတာ။ ကမ္ဘာရဲ့ဒြပ်ထုတစ်ခုလုံးကို ဖြတ်လာရတဲ့အတွက်နှေးသွားတာ။ ဒီအချက်က သိပ္ပံပညာရှင်တွေကို အံ့သြမှင်တက်သွားစေတယ်။
ဘာလို့လဲဆိုတော့ အဲဒီအတိုင်းသာဆိုရင် နယူထရီနိုတွေမှာ ထုထည်မရှိဘူးဆိုတဲ့ သီအိုရီက မှားသွားပြီ။ဘယ်လောက်ပဲ သေးငယ်သည်ဖြစ်စေ နယူထရီနိုတွေမှာ ထုထည်ရှိတာ သေချာသွားပြီ။ "ဒီအချက်က ဘာကြောင့်များအရေးကြီးတာလဲ" ..တဲ့။ သိပ္ပံပညာရှင်ကို အင်တာဗျူးနေတဲ့ သတင်းသမားက မေးတယ်။ သာမန်လူတွေ နားလည်နိုင်အောင် ရှင်းပြနိုင်မလား ..တဲ့။
"ဒီလိုဗျ..။ ကျွန်တော်တို့ အခု ရှိနေတဲ့ မဟာလောကကြီးမှာ၊ စကြာဝဠာကြီးဟာ နယူထရီနိုတွေနဲ့ ပြည့်နှက်နေတာ။ ထုထည်ရှိတယ်လို့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အရာတွေ အားလုံးထက်ကို နယူထရီနိုတွေက ပိုများတယ်။ ကျွန်တောတို့ကို ရှိနေတယ်လို့တောင် သဘောမထားဘဲ ဒီဒြပ်မှုန်တွေက ဖောက်ထွက်သွားလာနေတာ။ ထုထည်ရှိတယ်လို့ သတ်မှတ်ထားတဲ့ အရာအားလုံးကို ပေါင်းလိုက်ရင်တောင် နယူထရီနိုတွေရဲ့ စုပေါင်းထုထည်ကို မမီဘူးဗျ"..ဆိုပြီး သိပ္ပံပညာရှင်က ပြန်ဖြေတယ်။ နားလည်ဖို့ မလွယ်တဲ့ စိတ်ကူးပါပဲ။ သတင်းသမားက ထပ်မေးတယ်။ "ဒီတော့ ဘာဖြစ်သလဲ"..တဲ့။ "ကျွန်တော်တို့ နဲ့ ဘယ်လိုသက်ဆိုင်သလဲ"..တဲ့။
သိပ္ပံပညာရှင် ပြောလိုက်တဲ့ စကားတစ်ခွန်းက အင်မတန်ထိရောက် ရှင်းလင်းတဲ့ စကား။ ရှုပ်ထွေးနေတဲ့ နည်းပညာ စကားလုံးတွေကို ရှင်းခနဲ ဖြစ်သွားအောင် ပြောလိုက်နိုင်တဲ့ စကားလုံး။
လူတိုင်း နားလည်နိုင်တဲ့၊
ခဏတွေပြီး စဥ်းစားမိသွားစေတဲ့ စကား။
သိပ္ပံပညာရှင်က ခဏ စဥ်းစားတယ်။ ပြီးမှ အင်တာဗျူးနေတဲ့ သတင်းသမားကို သေချာစိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြန်ဖြေတယ်။
"ဘယ်လိုသက်ဆိုင်သလဲ ဆိုတော့ နယူထရီနိုတွေရဲ့ လောကထဲမှာ ကျွန်တော်တို့ဟာ အကောင်အထည်မဲ့ ဝိညာဥ်တွေ သက်သက်ပဲ"..တဲ့။
ထိမိတဲ့စကားဆိုတာ.. ဒါမျိုးပဲဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။
ဆရာ မောင်သာချို
စာရေးဆရာကြီး ဦးအောင်သင်း မကြာခဏ ရေးလေ့ ပြောလေ့ရှိသော အကြောင်းအရာတစ်ခုမှာ ပညာ၏ အရေးပါပုံပဲ ဖြစ်ပါသည်။ ဆရာက လူတစ်ယောက် မည်သည့်အခြေအနေ၊ မည်သည့် အရပ်ဒေသသို့ရောက်ရောက် ကိုယ့်အသိဥာဏ်နှင့်ကိုယ် လမ်းမှန်သို့ရောက်အောင် စဥ်းစားတွေးခေါ်နိုင်အောင် သင်ပေးလိုက်နိုင်ပါမှ တကယ့်ပညာဖြစ်ပြီး ကိုယ့်နေရာ ကွက်ကွက်ကလေး၌ နေ၍ဖြစ်ရုံ၊ အလုပ်ဖြစ်ရုံကလေး သင်ပေးလိုက်နိုင်မှုကို အပြစ်ဆိုပါသည်။
အရှေ့၊ အနောက်၊ တောင်၊ မြောက်ကိုသင်သည့်အခါ နေထွက်ရာဘက်သို့ မျက်နှာမူခိုင်းပြီး မျက်နှာမူရာ အရပ်သည် အရှေ့၊ ကျောဘက်သည် အနောက်၊ လက်ယာဘက်သည် တောင်၊ လက်ဝဲဘက်တွင် မြောက် စသည်ဖြင့် တစ်လောကလုံးကို လွှမ်းခြုံကာ သင်ပေးလိုက်လျှင် ထိုသူ မည်သည့်အရပ်သို့ ရောက်သွား ရောက်သွား အရပ်လေးမျက်နှာကို ခွဲခြားသိမြင်နိုင်မည်ဖြစ်ပါလျှက် ဆရာက အမြင်ကျဥ်းကာ မိမိဝန်းကျင်ကို အခြေခံပြီး ချောင်းရှိတာက အရှေ့၊ ရေကန်ရှိတာက အနောက်၊ ကုက္ကိုလ်ပင်ကြီးရှိတာက တောင်၊ ဘုန်းကြီးကျောင်းရှိတာက မြောက် စသည်ဖြင့် အလွယ်သင်ပေးလိုက်သည့်အခါ ကိုယ့်ရပ်ကိုယ့်ရွာတွင်နေစဥ်က ကိုယ့်ဘာသာကိုယ် အလုပ်ဖြစ်နေခဲ့သော်လည်း အပြင်လောကထဲသို့ ထွက်လိုက်သည့်အခါ အရှေ့၊ အနောက်၊ တောင်၊ မြောက် ခွဲခြားမသိတော့ဘဲ အရပ်လေးမျက်နှာသိချင်ရင် ငါတို့ရွာလိုက်ခဲ့ဟူသည့်ဘဝမျိုး ရောက်သွားရကြောင်း ဆရာပြောတတ်ပုံတွေကို ကျွန်တော် အမှတ်ရနေပါသည်။
ဆရာချစ်ဦးညိုက ပညာရေးစနစ်ကို ဖျက်ပစ်လိုက်လျှင် ထိုနိုင်ငံပျက်သုဥ်းသွားကြောင်း မကြာခဏဆိုသလို စင်ပေါ်ကနေ ပြောတတ်ပါသည်။ သူ့စကားကိုသိချင်သဖြင့် ဂူးဂဲထဲသို့ဝင်ကာ ရှာကြည့်မိပါသည်။ မူရင်းစာသားကို ဤသို့ တွေ့ရပါသည်။ "If you want to destroy a nation, just spoil its education system." ဟူ၍။ နိုင်ငံတစ်ခုကို ပျက်သုဥ်းစေလိုလျှင် ထိုနိုင်ငံ၏ ပညာရေးစနစ်ကို ဖျက်စီးလိုက်ရုံသာတဲ့။ ဖတ်ကောင်းရုံ အဆိုအမိန့်လှလှကလေးဟုများ ထင်မှတ်နေလေရော့သလားမသိ။စဥ်းစားလျှင် စဥ်းစားသလောက် ဂယက်တွေ အဆင့်ဆင့် ရိုက်ခတ်၍သွားသောစကားဟု ထင်ပါသည်။
ပညာရေးစနစ်ပျက်သော် Reasoning Power ခေါ် တွေးခေါ်မြော်မြင်မှုစွမ်းရည်ပျက်ပါပြီ။ Critical Thinking ခေါ် ဝေဖန်ပိုင်းခြား စဥ်းစားနိုင်မှုစွမ်းရည် ပျက်ပါပြီ။ Decision Making ခေါ် ဆုံးဖြတ်ချက်ချနိုင်မှု အရည်အသွေး ပျက်ပါပြီ။ Problem Solving ခေါ် ပြဿနာအခက်အခဲ ဖြေရှင်းနိုင်မှုစွမ်းရည် ပျက်ပါပြီ။ ထိုထိုသောအရာတို့ ပျက်နေသည့် လူပျက်များကို ထုတ်လုပ်ပေးလိုက်လေသောအခါ - -
တရားသူကြီးအပျက်၊ ရှေ့နေ အပျက်များက တရားစီရင်ရေးကို ဖျက်ကြ၊ ဆရာဝန်အပျက်များက ကုသရေးကို ဖျက်ကြ၊ အင်ဂျင်နီယာအပျက်များက တည်ဆောက်ပြုပြင်မှုများကို ဖျက်ကြ၊ တောင်သူလယ်လုပ် ဓားမခုတ်အပျက်များက ကောက်ပဲသီးနှံ ဥယျာဥ်ခြံမြေများကို ဖျက်ကြ၊ စာပေအနုပညာရှင် အပျက်များက ခံစားမှု နှလုံးသားကို ဖျက်ကြ၊ သုတေသနပညာရှင် အပျက်များက ပညာရပ်ကို ဖျက်ကြ၊ ထိုမှတစ်ဆင့် ရပ်ရွာအနှံ့ ထိတွေ့ဆက်စပ်ရာ လူ့အဖွဲ့အစည်းကို ဖျက်ကြ။
ပညာရေးစနစ် တကယ်ပျက်ပြီ ဆိုသောအခါ ထိုနိုင်ငံရှိလူအားလုံး၏ သည်းခြေ၊ လိပ်ပြာ၊ ဝိညာဥ်၊ နှလုံးသား အကုန်လုံး ပျက်စီးသွားမြဲ ဖြစ်သဖြင့် ပညာရေးစနစ်ကိုဖျက်၊ ထိုတိုင်းပြည်ပျက်သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
နိုင်ငံတကာ၌ စည်းကမ်းတကျ သွားလာနေထိုင်သူတို့ကို တွေ့သောအခါ၊ လူလူချင်း ခွင့်လွှတ်သည်းခံ တောင်းပန်ပြုံးပြ သွားလာလှုပ်ရှားနေသူများကို တွေ့သောအခါ၊ သူ့စည်းကိုယ့်စည်း လိုက်နာစောင့်ထိန်း နားခိုနေထိုင်သူများကို တွေ့သောအခါ၊ အချိန်နှင့်အမျှ ကြိုးစားဖတ်မှတ် လေ့ကျင့်နေသူများကို တွေ့သောအခါ ပညာရေးကောင်းလို့ဟု အမြဲတမ်း ပြောလေ့ရှိပါသည်။
ငှက်ကလေးတို့ အသိုက်မြင့်မြင့်ကြီးများပေါ်၌ တက်နေပြီဆိုလျှင် ရေကြီးမည်ဟုသိသလို၊ ပုရွက်ဆိတ်တို့မြင့်ရာ အဆောက်အအုံများပေါ်သို့ တန်းစီတက်နေကြလျှင် ငလျှင်လှုပ်တော့မည်ဟု သိသလို လူတိုင်းကိုယ်စီ ပျက်ကြလေပြီဆိုသည့်အခါ ထိုအရပ်ရှိ စာသင်ခန်းများ ပျက်သွားခဲ့ပြီဆိုသည်မှာ ဧကန်မုချပင် ဖြစ်ပါသည်။
ကျွန်တော်တို့ လူတွေပျက်၏ မပျက်၏၊ ကျွန်တော်တို့ကျောင်းတွေကောင်း၏ မကောင်း၏ဆိုသည်မှာ အလွန် အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် တိုင်းပြည် ပျက်၊ မပျက်နှင့် ဆက်နွှယ်နေသောကြောင့်ဖြစ်ပါသည်။